Friday, April 17, 2009

ငါးထောင့်ငါးည နိဒါန်း။

ဒီ post ကလေးကို "ငါးထောင့်ငါးည အမြတ်ဆုံး ရတနာ ဓမ္မကဗျာများ" စာအုပ်ပါ ဒီအမှာစာ နဲ့ စတင်မိတ်ဆက်ပါရစေ.....။

အမှာ

ဤ "ငါးထောင့်ငါးည အမြတ်ဆုံး ရတနာ ဓမ္မကဗျာများ" စာအုပ်ပါ ကဗျာအများစုသည် စာရေးသူ သာယာဝတီထောင် လက်ပါးနှင့်အရူးတိုက် တွင် ရေးစပ်ခဲ့သော ကဗျာများဖြစ်ပါသည်။ အင်းစိန်ထောင်၏ အဆောင်၊ တိုက်ခန်း၊ ဆေးရုံတို့တွင် စပ်ဆိုခဲ့သော ကဗျာများပါဝင်သလို အင်းစိန်ထောင်အနီး သီးသန့်တွဲဖက် ထောင်တိုက်ခန်းများတွင် စပ်ဆိုခဲ့သော ကဗျာများလည်း ပါဝင်ပါသည်။ အရေးပေါ် စီမံချက် ဥပဒေ ပုဒ်မ ၅-ည ထောင်ကျတယောက် အနေဖြင့်အထက်ပါ ထောင် ၃-ထောင် အပြင် လွတ်ရက် မမြင်သေးသော အိမ်ထောင်သည်ဘ၀ = အိမ်ထောင်၊ အကျဉ်းထောင်ကြီးနှင့် တူနေသော လက်ရှိ မြန်မာပြည် = မြန်မာပြည်ထောင်၊ အကျဉ်းအကျပ် ပြဿနာအမျိုးမျိုးကို ဖြေရှင်းနေရဆဲ ဖြစ်သော လက်ရှိ ကမ္ဘာကြီး = ကမ္ဘာထောင်၊ သံသရာအကျဉ်းသားအဖြစ် ကျင်လည်နေရဦးမည့် သံသရာထောင်၊ ထောင်အမျိုးမျိုးကို တွေ့ကြုံ ဆင်ခြင်သုံးသပ်မိရာမှ စပ်ဆိုခဲ့သော ကဗျာများဖြစ်ပါသည်။

ဤ ကဗျာများသည် န၀တ နအဖ ခေတ်တွင် ပုဒ်မ ၅-ည များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၏ ရင်တွင်းဆန္ဒနှင့် အကျဉ်းအကျပ်ကြားမှ ကြိုးပမ်းမှုအချို့ကိုလည်း ထင်ဟပ်မည်ဟု ယူဆပါသည်။ တထောင့်တည ပုံပြင်များလိုပင် ညပေါင်း ငါးထောင့်ငါးည ပြန်ပြောပြသော်လည်း ကုန်နိုင်ဘွယ်မရှိသည့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းထောင်ပ အတွေ့အကြုံများ အနက်မှ အထက်ပါ အကျဉ်းထောင်၊ အိမ်ထောင်၊ မြန်မာပြည်ထောင်၊ ကမ္ဘာထောင်၊ သံသရာထောင်၊ တည်းဟူသော ထောင်ငါးထောင် အပေါ် နိုင်ငံရေးအကျဉ်းသား ၅-ည တယောက်မှ ဘာသာရေးအမြင်ဖြင့် အနည်းငယ်ချဉ်းကပ်ခဲ့မိသော ကဗျာများ (၀ါ) ငါးထောင့်ငါးည ကဗျာများလည်းဖြစ်ပါသည်။ မိမိကျက်မှတ်လေ့လာ ပွားများအားထုတ် ထားဘူးသည့် အမြတ်ဆုံး ရတနာ သုံးပါးဖြစ်သည့် ဘုရားတရားသံဃာဆိုင်ရာ စာတွေ့ကိုယ်တွေ့ အချို့ကို အကျဉ်းထောင်များထဲတွင် အချိန်အားပိုမိုရခိုက် ထပ်မံဆင်ခြင်ပွားများ အားထုတ်လျက် ကြိုးပမ်းစပ်ဆိုမိခဲ့သော အမြတ်ဆုံးရတနာသုံးပါးဆိုင်ရာ ဓမ္မကဗျာများလည်း ဖြစ်ပါသည်။

ဤ "ငါးထောင့်ငါးည အမြတ်ဆုံးရတနာ ဓမ္မကဗျာများ" စာအုပ်ဖြစ်ပေါ်လာရခြင်းမှာ ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး၏ မင်္ဂလာဗျူဟာ ပိဋကတ် ၃-ပုံပဒေသာ ဆရာဖြစ်သင်တန်းပို့ချချက်များစွာအနက်မှ "ကိုယ်အလွတ်ရနေတဲ့စာမှ ကိုယ့်စာ၊ စာအုပ်ထဲမှာရှိတာ ကိုယ့်စာမဟုတ်၊ အမြဲတမ်း ကျက်နေ အံနေ ကြံနေ စာတွေကြည့်နေရတယ်"ဟူသောသြ၀ါဒကို ထောင်မကျမှီ ပြင်ပ၌ တင်ကြို လိုက်နာနိုင်မိခဲ့ ခြင်းကြောင့်သာ အဓိက ဟု စာရေးသူ ယူဆမိပါသည်။

အဘယ်ကြောင့်ဆိုသော် န၀တ နအဖ ခေတ် ထောင်များထဲ၌ ဓမ္မဒါန အိတ်ဆောင်စာအုပ်ပါးကလေး အချို့မှလွဲ၍ ဘာသာရေးစာအုပ်များအပါအ၀င် မည်သည့် စာအုပ် စာတမ်းမှ တရားဝင် ဖတ်ရှုခွင့်မပြုသောကြောင့်၊ မှတ်ဥာဏ်မှတပါးကိုးကားစရာနည်း၍ ဖြစ်ပါသည်။ ထို့အပြင် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသော စာရေးကရိယာများ ဆောင်ထားအသုံးပြုခွင့်ကို ကြီးလေးသော အပြစ်ဒဏ်များချလျက် ပိတ်ပင် တားဆီးထားရာ မိမိစိတ်ဖြင့် နှုတ်ဖြင့် အကြိမ်ကြိမ် ရွတ်ဆို စပ်ဟပ် ရေးသားထားသော ကဗျာများ စာများကို စာအုပ်စာရွက်များပေါ်တွင် မှတ်တမ်းတင်နိုင်ရန် အခွင့်အရေးမှာလည်း မရှိသလောက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အလွတ်ကျက်အံထားသည်များကို ကြံဆပွားများလျက် လိုရင်းအချက်များသာ အနည်းငယ် ကွဲလွဲစေပြီး၊ တပိုဒ်နှင့်တပိုဒ် လုံးဝနီးပါးတူညီသော၊ စိတ်ဖြင့်နှုတ်ဖြင့် ရွတ်ဆိုစပ်ဟပ်နိုင်သည့်၊ ရွတ်ဖတ်ကျက်အံရ မြန်ဆန်လွယ်ကူစေမည့် ရိုးရှင်းသောကဗျာများကို ဖန်တီးခဲ့ရခြင်းဖြစ်ပါသည်။

ထို့အပြင် စပ်ဆိုပြီးသော ကဗျာ အရေအတွက် များလာလေလေ မမေ့မလျော့သွားအောင် အပြန်ပြန်ရွတ်ဆိုရသော အချိန်ပိုယူရလေလေ ဖြစ်သဖြင့် ရာနှင့်ချီသော စပ်ပြီးကဗျာများအနက်မှ ယခုမှတ်မိသမျှ (၅၉)ပုဒ်သာ တင်ပြနိုင်ရခြင်းလည်းဖြစ်ပါသည်။

ရေးသားပြီး ကဗျာများကို ဝေဖန်အကြံပေး စိစစ် တည်းဖြတ် စသည်ဖြင့် အစစ ကူညီခဲ့ကြသော ဆရာတော်ကြီးများ၊ ဆရာဆရာမများ၊ တပည့်များ၊ နိုင်ငံရေးမိတ်ဆွေများ၊ အားလုံးတို့နှင့် ဤစာအုပ် ရိုက်နှိပ်ဖြန့်ဝေ ဓမ္မဒါနပြုနိုင်အောင် computer, printer, copier, printing အစစ ကူညီအားပေးခဲ့ကြသော Dr ဇော်ဝင်းအောင်(FTUB) ၊ ကိုဗလ(FTUB) ၊ ကိုထင်ကျော်၊ G.Cing No ၊ ကိုရွှေသွေး (Shiva) နှင့် ကူညီထောက်ပံ့သူအားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

နိဂုံးချုပ်အနေဖြင့်မူ ဤ "ငါးထောင့်ငါးည အမြတ်ဆုံး ရတနာ ဓမ္မကဗျာများ" စာအုပ်သည် မြန်မာပြည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် တဒေါင့်တနေရာမှ ပါဝင်အကျိုးပြုနိုင်ပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါသတည်း။ ။

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာ ရပါစေ။

လန်ထောင်စပ်စုလေး (၁၃-၅-၂၀၀၇ နိုင်ငံတကာမိခင်များနေ့)